မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ကူး ဗလမင်းထင်အမှတ်(၂)တံတား တည်ဆောက်ရန် အကြိုအင်ဂျင်နီယာ လုပ်ငန်းများ စတင်ဆောင်ရွက်

မြစ်ကြီးနား  ဇန်နဝါရီ  ၂၆

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့အား ဆက်သွယ်ထားသော ဧရာဝတီမြစ်ကူး ဗလမင်းထင် တံတားအမှတ်(၂) တည်ဆောက်ရန်အတွက် ယခုနှစ်တွင် အကြိုအင်ဂျင်နီယာ လုပ်ငန်းများစတင် ဆောင်ရွက်လျက်ရှိကြောင်း တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့(၁) ဒုတိယညွှန်ကြားရေးမှူးရုံး၊ တံတားအထူးအဖွဲ့(၁) ထံမှ သိရသည်။

ဗလမင်းထင်အမှတ်(၂) တံတားအကြို အင်ဂျင်နီယာလုပ်ငန်းများနှင့် ပတ်သက်ပြီး တံတားအထူး အဖွဲ့(၁) ဒုတိယ ညွှန်ကြားရေးမှူး ဦးစောဇာနည်လှက ရန်ပုံငွေရရှိမှုမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း (၁၀၀၀) ခွဲဝေချထားပေးခဲ့ပြီး ယခုနှစ်အတွက် ပင်မ တံတားရေလယ်တိုင် စမ်းသပ်ခြင်း လုပ်ငန်း၊ လမ်းပုံထုတ်တိုင်းတာခြင်း၊ မြစ်ရေစီးကြောင်းတိုင်းတာခြင်း လုပ်ငန်းများနှင့် မြေယာ လျော်ကြေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောပြသည်။

လက်ရှိအသုံးပြုနေသော ဗလမင်းထင်တံတားကိုလည်း တံတားကြံ့ခိုင်မှု အားနည်းလာသဖြင့် တံတားသစ် ပြီးစီးပါက တံတားဟောင်းဘောင်ကို မြှောက်တင်ပြီး အကြီးစားပြင်ဆင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် အသွားလမ်း၊ အပြန်လမ်းအဖြစ် (၄)လမ်းသွားအဖြစ် အသုံးပြုနိုင်မည် ဖြစ်ကြောင်း တံတားအထူးအဖွဲ့(၁) ဒုတိယ ညွှန်ကြားရေးမှူးက ထပ်မံရှင်းပြသည်။

အဆိုပါ တံတားအမှတ်(၂)ကို မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားကားလမ်းပေါ်ရှိ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့ တို့ကို ဆက်သွယ်ထားပြီး လက်ရှိဗလမင်းထင်တံတား၏ အောက်ဖက် မီတာ(၄၀) အကွာတွင် တည်ဆောက် သွားမည် ဖြစ်ကြောင်း၊ တံတားအရှည် (၃၂၁၂)ပေ (၉၇၉ မီတာ)ရှိပြီး သံကူ ကွန်ကရစ်ရေလည်တိုင်နှင့် ကမ်းကပ်ခုံ၊ Steel Truss ၊ Steel Box Girder and RCC Slab အမျိုး အစားတံတားဖြစ်ကာ တံတားအကျယ်မှာ ယာဉ်သွားလမ်း (၂၄)‌ပေ၊ လူသွားလမ်း တစ်ဘက်လျှင် (၃)ပေစီရှိပြီး  ခွင့်ပြုအလေးချိန် ယာဉ်တစ်စီးချင်း (၇၅)တန် ဖြတ်သန်းသွားလာ နိုင်ကြောင်းနှင့် တံတား သစ်စီမံကိန်း (၃)နှစ်ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိအသုံးပြုနေသော ဗလမင်းထင်တံတားသည် နှစ်ပေါင်း (၂၅)ခန့်နေရှိပြီဖြစ်ပြီး ပြည်နယ်၏ မြို့တော် မြစ်ကြီးနား မြို့သို့ ဗန်းမော်ခရိုင်နှင့် တရုတ်နိုင်ငံနယ်စပ်တို့မှ ကားများ ဖြတ်သန်းသွားလာရာ တံတားတစ်စင်း ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ကာလအတွင်း တံတားဖြတ်သန်းသွားလာမှု စစ်ဆေးကောက်ယူ ချက်အရ တစ်ရက်လျှင် ယာဉ်အစီးရေ (၃၀၀၀)ကျော်ခန့်သွားလာလျက်ရှိသဖြင့် ကချင်ပြည်နယ်အတွင်း အသုံးပြုမှုအများဆုံးဖြစ်သော တံတားတစ်စင်းလည်း ဖြစ်သည်။

မျိုးမြင့်စိုး(ပြန်/ဆက်)