ဘားအံ ဇူလိုင် ၃၀
၂၀၂၆ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ ဖိတ်ခေါ် အမျိုးသား ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲကို ဇူလိုင် ၂၇ ရက်က ဘားအံမြို့ အမှတ်(၅)ရပ်ကွက်ရှိ ပြည်နယ်ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည်။
ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် YBZ အသင်းနှင့် Garden Street အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ပွဲကစားချိန်အတွင်း တစ်ဖက် ၂ ဂိုးစီဖြင့် သရေရလာဒ်ထွက်ပေါ်နေသဖြင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူရာ Garden Street အသင်းက ၇ ဂိုး - ၆ ဂိုး ဖြင့် အနိုင်ရဗိုလ်စွဲသည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ဖူဆယ်ဆပ်ကော်မတီဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲဖြစ်မြောက်ရေးဝိုင်ဝန်းကူညီပေးကြသည့် ဒိုင်အဖွဲ့နှင့်လုပ်ငန်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံးဆု၊ အကောင်းဆုံးဂိုးသမားဆုနှင့် အကောင်းဆုံးအားကစားသမားဆုတို့ကို လည်းကောင်း၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးအေးမင်းထွေးက တတိယဆုရရှိသော မင်္ဂလာဝင်းအသင်းအား တစ်ဦးချင်းလည်ဆွဲဆုနှင့်ငွေသားဆု(၅)သိန်းကျပ်ကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ဒုတိယဆုရရှိသော YBZ အသင်းအား တစ်ဦးချင်းလည်ဆွဲဆုနှင့်ငွေသားဆု(၁၀)သိန်းကျပ်ကိုလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အနိုင်ရဗိုလ်စွဲသွားသော Garden Street အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု(၁၅)သိန်းကျပ်နှင့်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)