သရက်မြို့၌ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

သရက် ဇူလိုင် ၃၀

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီး၌ သရက်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်ကျင်းပသော ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

အဆိုပါ ဆက်ကပ်လှူဒါန်းပွဲတွင် နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပေးခဲ့ပြီး သရက်မြို့နယ်သံဃနာယကအဖွဲ့၊ ဥက္ကဌ မင်းကျောင်းဆရာတော် ဘဒ္ဒန္တသစ္စာနန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်ပြီး ပင့်သံဃာဆရာတော်များက ပရိတ်တရားရွတ်ပွားချီးမြှင့်တော်မူခြင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုက သာသနာရေးဆိုင်ရာများလျှောက်ထားပြီး ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ မိသားစုများက ဝါဆိုသင်္ကန်းနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် သရက်မြို့နယ်သံဃနာယကအဖွဲ့၊ မြခဲတောင်ကျောင်းဆရာတော် ဘဒ္ဒန္တသီလဝံသက အနုမောဒနာတရားဟောကြားပြီး လှူဒါန်းမှုအစုစုအား ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး “ဗုဒ္ဓသာသနံစိရံတိဌတု” (၃) ကြိမ် ရွတ်ဆိုဆုတောင်းခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)