တာမွေ ဇူလိုင် ၃၀
၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၈-ခုနှစ် ဒုတိယဝါဆို လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ယမန်နေ့နံနက်ပိုင်းအချိန်မှစတင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ဥပုသ်သီတင်းသီလ ဆောက်တည်ကြသူများ၊ ဝါဆိုရွှေကြာသင်္ကန်း ကပ်လှူသူများအပြင် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ အမွှေး နံ့သာများ ဆက်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှုပြုသူများ၊ တရားဘာဝနာပွားများ ကျင့်ကြံအားထုတ်သူများ၊ စတုဒီသာကျွေးမွေးလှူဒါန်းကြသူများနှင့် ရန်ကုန်မြို့အပါအဝင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဝါဆိုလပြည့်နေ့သည် ဂေါတမဘုရားအလောင်းတော် တုသိတာနတ်ပြည်မှ စုတေကာ လူ့ပြည်၌ ပဋိသန္ဓေတည်သည့်နေ့၊ သိဒ္ဓတ္ထမင်းသား နိမိတ်ကြီးလေးပါးကိုမြင်၍ တောထွက်တော်မူသောနေ့၊ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့၊ ဂေါတမဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ဓမ္မစကြာတရားဦး ဒေဿနာတော်ကို ပဉ္စဝဂ္ဂီ ငါးဦးတို့အား မိဂဒါဝုန်တော၌ ဟောကြားတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူပင်ခြေရင်း၌ တိတ္ထိတို့ကို နှိမ်နင်း၍ တန်ခိုးပြာဋိဟာပြတော်မူသောနေ့၊ တရားရတနာစတင်ပေါ်ထွန်းသောနေ့၊ သံဃာရတနာ စတင် ပေါ်သောနေ့၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့နှင့် ဧဟိဘိက္ခု-ဟူသောစကားကို စတင်ကြားရသောနေ့ ထိုသို့သော ထူးခြားသည့် ဂုဏ်အင်များနှင့်ပြည့်စုံသော နေ့တစ်နေ့ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များက ယနေ့ထိတိုင် အထွတ်အမြတ်ထားလျက်ရှိကြောင်း၊ အဆိုပါ ဝါဆိုလပြည့်နေ့တွင် ပဉ္စဝဂ္ဂီ ငါးဦးတို့အား မိဂဒါဝုန်တော၌ ဟောကြားတော်မူသော ဓမ္မစကြာတရားဦး ဒေဿနာတော်သည် သစ္စာလေးပါးနှင့် မဂ္ဂင်ရှစ်ပါးတို့ကိုလည်းကောင်း၊ အစွန်းတရားနှစ်ပါးတို့ကိုလည်းကောင်း ပြဆိုထားပြီး ဗုဒ္ဓဘာသာ၏ အနှစ်ချုပ်လည်း ဖြစ်ကြောင်း သိရသည်။
မြန်မာသက္ကရာဇ် ၁၃၈၈-ခုနှစ် ဒုတိယဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့)တွင် ရွှေတိဂုံ စေတီတော်မြတ်ကြီး အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများအား အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် နံနက်(၅)နာရီမှ ည(၁၀)နာရီအချိန်အထိ ဖွင့်လှစ်ပေးထားပြီး စနေ၊ တနင်္ဂနွေနှင့် နေ့ထူးနေ့မြတ် ကျန်အစိုးရ ရုံးပိတ်ရက်များ၌လည်း အဆိုပါအချိန်အတိုင်း ဖွင့်လှစ်ပေးထားရာ မည်သူမဆို စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်၍ ကုသိုလ်ယူနိုင်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်( ပြန်/ဆက် )