ဝါဆိုလပြည့်နေ့တွင် ပေါင်မြို့နယ်၌ ဝါဆိုသင်္ကန်းကပ်သူများ ဘုရားဖူးသူများ စည်ကား

ပေါင် ဇူလိုင် ၂၉

ကောဇာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါဆိုလပြည့်နေ့၊ ဇူလိုင်လ (၂၉) ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ဝါဆိုသင်္ကန်းကပ်သူများ ဘုရားဖူးသူများ၊ ရပ်ဝေး၊ ရပ်နီးမှ ခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဝါဆိုလပြည့်နေ့ရောက်တိုင်း မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပူဇော်ခြင်း၊ လူငယ်များကလည်း အများပြည်သူသွားလာရာနေရာများတွင် မွန်ရိုးရာဝတ်စုံများ ဝတ်ဆင်၍ ဝါဆိုပန်းများ အမွှေးနံ့သာများ ဆပ်ကပ်လှူဒါန်းနိုင်ရန် ကုသိုလ်ကောင်းမှုများပြုလုပ်ခြင်း၊ နေရာအများစုတွင် ဒေသခံ ပြည်သူများမှလည်း မွန်ရိုးရာအစားအသောက်များဖြင့် ဘုရားဖူးလာသည့် ဧည့်သည်များအား စေတနာထက်သန်စွာဖြင့် စတုဒိသာများဖြင့် ကျွေးမွေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပေါင်မြို့နယ်အတွင်းရှိ ကျောက်သင်္ဘောဘုရား၊ ဇင်းကျိုက်ရေတံခွန်နှင့်ဆင်ရွာရေတံခွန် စသည့်ရေတံခွန်တို့တွင်လည်း ရပ်ဝေးရပ်နီးမှ ဧည့်သည်တော်များက ဘုရားဖူးပြီးအပြန် ရေကစားကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)