သထုံ ဇန်နဝါရီ ၂၆
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေး ပညာပေးလှုပ်ရှားမှုများကို ယနေ့ နံနက်က သထုံမြို့မ ဈေးနှင့်၊ သုဝဏ္ဏဈေးဝန်းကျင်တို့၌ ပြုလုပ်ခဲ့ကြသည်။
အသိပညာပေးလှုပ်ရှားမှုတွင် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဟိန်းလင်းစိုးနှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများတို့က ဈေးရောင်း၊ ဈေးဝယ်သူများနှင့် ဈေးအနီး သွားလာလှုပ်ရှားနေသူများအား မီးခိုးမြူငွေ့ ညစ်ညမ်းမှုအန္တရာယ် ပညာပေးလက်ကမ်းစာစောင်များနှင့် Mask များ ဝေငှပေးပြီး မီးခိုးမြူငွေ ့ညစ်ညမ်းမှုသတိမူရေး လက်ကိုင်အသံချဲ့စက်များဖြင့် အသိပေးပြောကြားခဲ့ကြသည်။
လက်ရှိအချိန်အခါမှာ ပွင့်လင်းရာသီဖြစ်သည့်အတွက် တောမီးနှင့် အခြားမီးလောင်ကျွမ်းမှု များကို ထိန်းချုပ်နိုင်ရေးနှင့်အတူ ယင်းတို့ကြောင့်ဖြစ်ပေါ်လာနိုင်သည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ပြဿနာများကိုလျှော့ချနိုင်ရေးနှင့် စိုက်ပျိုးရေးသုံး စွန့်ပစ်ပစ္စည်းများ၊ စွန့်ပစ်အမှိုက်များ မီးရှို့ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် လေထုညစ်ညမ်းမှုများကို သတိမူနိုင်စေရန် ရည်ရွယ်ကာ ယခုကဲ့သို့ လူထုအသိပညာပေး လှုပ်ရှားမှုကို ဆောင်ရွက်ခြင်း ဖြစ်ပြီး အဆိုပါနေ့တွင် လက်ကမ်းစာစောင်နှင့် Mask အရေအတွက် ၃၀၀ စီအား အခမဲ့ ဝေငှပေးခဲ့ကြောင်း သထုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။
သက်ဦး(သထုံ)