ဗိုလ်တထောင် ဇူလိုင် ၂၉
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်ကျောင်းတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီ ကောလိပ်ကျောင်း ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်သည်။
လူငယ်စကားဝိုင်း အခမ်းအနားကိုပထမဦးစွာ ဗိုလ်တထောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က လူငယ်စကားဝိုင်းကျင်းပ ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များ ပြောကြားသည်။
ဆက်လက်ကျင်းပရာ လူငယ်စကားဝိုင်းဆွေးနွေးမည့် ကျောင်းသား/ကျောင်းသူ(၅)ဦးနှင့် မြန်မာစာဌာနမှူး တွဲဖက်ပါမောက္ခ ဒေါက်တာနီနီခိုင်Monitor (၁) ဦးတို့က စင်မြင့်တွင် နေရာယူကြပြီး စကားဝိုင်းကို စတင်ဆောင်ရွက်ရာ စီးပွားရေးနှင့်ဘဏ္ဍာရေးဘာသာရပ်အထူးပြု စတုတ္ထနှစ်ကျောင်းသူ မသွန်းနှင်းရတနာက လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာဘာသာရပ်အထူးပြု စတုတ္ထနှစ်ကျောင်းသူ မခိုင်ဇင်သက်က လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုစီမံခန့်ခွဲမှု ပညာဘာသာရပ်အထူးပြု တတိယနှစ်ကျောင်းသား မောင်ဉာဏ်မင်းမောင်က လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းသုံးစီမံခန့်ခွဲမှု ပညာအထူးပြုဘာသာရပ် စတုတ္ထနှစ်ကျောင်းသား မောင်ဖြိုးမင်းခန့်က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သတင်းအတတ်ပညာဘာသာရပ်အထူးပြု တတိယနှစ်ကျောင်းသား မောင်မင်းသန့်ထွဋ်က လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေး ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာမများက ဆွေးနွေးပြောကြားသည်များအား သိရှိလိုသည်များကို အသီးသီးမေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက မိမိတို့နှင့်သက်ဆိုင်သည့်မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ကြပြီး လူငယ်စကားဝိုင်းရုတ်သိမ်းသည်။
ထို့နောက်လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးပေးကြသော ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များပေးခြင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှားပေးပြီး ကျောင်းအုပ်ဆရာမကြီး ဒေါက်တာခင်သီတာငြိမ်းက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် စုပေါင်းမှတ်တမ်းဓါတ်ပုံများရိုက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သတင်းရသည်။
ခင်ဝင်း(ပြန်/ဆက်)