ပြည်ကြီးတံခွန် ဇူလိုင် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မန္တလေး) ၌ လုပ်ငန်းရှင်၊ အလုပ်သမားကောင်းများပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၁ နာရီက အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သော Basic Industrial Motor Control သင်တန်း (၁/၂၀၂၆)နှင့် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)အဖွဲ့ဝင်များ စွမ်းရည်မြှင့်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးလှကြွယ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြမြသက်က သင်တန်းဖွင့်လှစ်ပို့ချခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဒေါ်သန်းသန်းထွန်းက အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေး ကော်မတီ (WCC) အဖွဲ့ဝင်များအား စွမ်းရည်မြှင့်တင်သည့်ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် Basic Industrial Motor Control သင်တန်း (၁/၂၀၂၆) အား သင်တန်းနည်းပြအဖြစ် စက်မှုဝန်ကြီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းက သင်တန်းသား/သင်တန်းသူ ၂၀ ဦးဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလအား ဇူလိုင် ၂၇ ရက်မှ ဩဂုတ် ၇ ရက်အထိ သင်ကြားပို့ချမည်ဖြစ်သည်။ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ စွမ်းရည်မြှင့်သင်တန်းအား သင်တန်းနည်းပြအဖြစ် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဒေါ်သန်းသန်းထွန်းက သင်တန်းသား/သင်တန်းသူ ၄၆ ဦးဖြင့် သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရသည်။
ဇင်မင်းမောင်(ခရိုင်၊ ပြန်/ဆက်)