ပုဗ္ဗသီရိ ဇန်နဝါရီ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ၏ ထပ်တိုးတင်ပြထားသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီက ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပုဗ္ဗသီရိမြို့နယ် အုပ်ချုပ်ရေးမှူးဦးမြင့်အောင်က ထောက်ပံ့ငွေပေးအပ်ရသည့် ရည်ရွယ်ချက်များ၊ ထောက်ပံ့ငွေများပေးအပ် ရာတွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီစနစ်တကျ ပေးအပ်သွားရန်နှင့် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အခြေခံလူတန်းစား များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများ၏ ထပ်တိုး တင်ပြထားသည့်အိမ်ထောင်စု ၃၅၁၁ စုအတွက် တစ်အိမ်ထောင်စုလျှင် ထောက်ပံ့ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် ၇၀၂၂၀၀၀၀ ကို သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့သည်။
အဆိုပါ အခြေခံလူတန်းစားအိမ်ထောင်စုများလက်ဝယ်အရောက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်၍ သက်ဆိုင်ရာရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့်တာဝန်ရှိသူတို့က ဇန်နဝါရီ ၂၆ ရက်နံနက်ပိုင်းမှစတင်ကာ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေး လျက်ရှိကြောင်းသိရသည်။
ကံချွန်(ပြန်/ဆက်)