တွံတေးမြို့နယ်၌ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး (၁/၂၀၂၆) သင်တန်းဆင်းပွဲကျင်းပ

တွံတေး ဇူလိုင် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး ၁/၂၀၂၆  သင်တန်းဆင်းပွဲကို ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ တွံတေးခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် နိုင်ငံတော်၏ အခြေခံအုပ်ချုပ်ရေးယန္တရားတွင် အရေးပါသည့် တာဝန်ကို ထမ်းဆောင်နေကြသူများဖြစ်ပြီး ပြည်သူများနှင့် အနီးကပ်ဆုံးထိတွေ့ ဆက်ဆံရသူများဖြစ်သည့်အတွက် ဥပဒေနှင့်အညီ မျှတမှန်ကန်စွာ ဆောင်ရွက်နိုင်ရန်၊ ပြည်သူများ၏ ယုံကြည်မှုကိုရရှိအောင် ဆောင်ရွက်နိုင်ရန်နှင့် သက်ဆိုင်ရာဌာနများအကြား ပူးပေါင်းညှိနှိုင်းမှုကောင်းမွန်စေရန် အထူးလိုအပ်ကြောင်း၊ သင်တန်းသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို မှန်ကန်စွာလိုက်နာ ဆောင်ရွက်နိုင်ရန်၊ ပြည်သူဗဟိုပြု အုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော်နိုင်ရန်နှင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပိုမိုထိရောက်စွာ ပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်နှင့် အဖွဲ့ဝင်များ၊ တွံတေးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်တို့က သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ရာ ရပ်ကွက်(သို့မဟုတ်)ကျေးရွာ အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြောင်းသိရသည်။ ဆက်လက်၍ တက်ရောက်လာကြသူများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တွံတေးမြို့နယ်အတွင်းရှိ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား(၁၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မျိုးလှိုင် တွံတေး