စစ်တွေမြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားရေး သင်တန်းဆင်း

စစ်တွေ    ဇူလိုင်   ၂၉

စစ်တွေမြို့၌ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်မားရေးသင်တန်း(၁/၂၀၂၆) ဆင်းပွဲကို ဇူလိုင်လ ၂၈ ရက်နေ့ ညနေပိုင်းက ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မင်းသူရိယခန်းမ၌ကျင်းပရာ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်းများ၊ ဌာနဆိုင်ရာ နည်းပြများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်အုပ်ချုပ်ရေးမှူးက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏သမိုင်းကြောင်း၊ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးများ ဥပဒေ၊ နည်းဥပဒေများနှင့် အမိန့် ညွှန်ကြားချက်များနှင့်အညီ ပြည်သူများအား ကာကွယ်စောင့်ရှောက်ရန်နှင့် ဒေသအကျိုးများကို သယ်ပိုးဆောင်ရွက်ကြရန် ဆွေးနွေးပို့ချပေးပြီး ပြည်သူလူထုက ရွေးချယ်တင်မြှောက် ခံထားရသည့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများဖြစ်သည့်အတွက် ပြည်သူလူထု အကျိုးကို ရှေးရှုးပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဂတိတရားလေးပါး ကင်းရှင်းစွာ ဆောင်ရွက်သွားကြရန် သင်တန်းဆင်းအမှာစကား ပြောကြားသည်။

ထို့နောက် ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းဆင်းဂုဏ်ပြု လက်မှတ်များ ပေးအပ်ကြပြီး ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)