တောင်ကြီး ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေ/နည်း ဥပဒေအသိပညာပေး ရှင်းလင်း ဆွေးနွေးပွဲ ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က တောင်ကြီးမြို့နယ်အတွင်း ကြီးကြပ်ရေး အဖွဲ့များ၊ ဆယ်အိမ်မှူးများ၊ ရာအိမ်မှူးများ၊ ကျေးရွာတာဝန်ခံနှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေးလုပ်ငန်းစဉ် အဆင့်ဆင့်တိုင်းတွင် ဥပဒေ၊နည်းဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ စနစ်တကျဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ပြည်သူလူထုအား ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရေးနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်ပိုမို သိရှိအောင် အသိပညာပေး ခြင်းနှင့် ပြည်သူလူထုနားလည်သဘောပေါက်ပြီး ပူးပေါင်းပါဝင်မှုရှိမှသာ အုပ်ချုပ် ရေးမှူးရွေးချယ်ရေး လုပ်ငန်းစဉ်များ အောင်မြင် ချောမွေ့မည်ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် တက်ရောက်လာသည့် အိမ်ထောင်စု ကိုယ်စားလှယ်များ၏ မှတ်တမ်းများ နှင့်လုပ်ငန်းစဉ်တစ်ခုတိုင်း မှတ်တမ်းများ ထားရှိရန်လိုအပ်ကြောင်း၊ လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် အခက်အခဲများရှိက တင်ပြကြစေလို ကြောင်း အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာကြသည့် ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာ စာရေးများက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အခက်အခဲများကိုတင်ပြခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း၊ ရပ်ကွက်(သို့မဟုတ်) ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးဥပဒေ၊ နည်းဥပဒေအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲအား ကျေးရွာ အုပ်စုများကို နံနက်ပိုင်းတွင် လည်းကောင်း၊ ရပ်ကွက်များကို နေ့လယ်ပိုင်းတွင် လည်းကောင်း၊ အုပ်ချုပ်ရေးမှူးနှင့်စာရေးများကို သင်တန်းပေး ပို့ချဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)