စစ်တွေ ဇူလိုင် ၂၉
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ စစ်တွေမြို့ပေါ်ရှိ ရန်ပြေမာန်ပြေကိုးနဝင်းဓါတု ဧးစေတီဘုရား များအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းလောင်းပူဇော်ခြင်းနှင့် သံဃာတော် အရှင်သူမြတ်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်တော် လောင်းလှူခြင်းကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ရန်ပြေမာန်ပြေကိုးနဝင်းဓါတု ဧးစေတီဘုရားများနှင့် လောကာ နန္ဒာစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပရာ သံဃာတော်အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးနိုင်ဦးနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ထက်စန္ဒာကျော်၊ ပြည်နယ်တရား လွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် စစ်တွေမြို့ပေါ်ရှိ ဧးစေတီဘုရားများအား သွားရောက်ဖူးမြော်ကာ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီးမီးများ ကပ်လှူပူဇော်ကြပြီး သံဃာတော် အရှင်သူမြတ်များက ရန်ပြေမာန်ပြေကိုးနဝင်းဓါတုဧးစေတီများကို ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းလောင်းပူဇော်ကြသည်။ ထို့နောက် သံဃာတော်အရှင် သူမြတ်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် စစ်တွေမြို့၊ လောကာနန္ဒာစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုသော ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်သည်။ အခမ်းအနားကို ကြွရောက်တော်မူသော သံဃာတော် အရှင်သူမြတ်များနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ နန္ဒာရာမ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်ထံမှ ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြကာ သံဃာတော်အရှင် သူမြတ်များက အန္တရာယ်ကင်း ပရိတ်တရားတော်များကိုရွတ်ပွား ချီးမြှင့် တော်မူကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက သံဃာတော် အရှင်သူမြတ် များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကြပြီး မြို့နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ ပညာလင်္ကာရ ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနာဂိန္ဒ မဟာထေရ်မြတ်ထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များက ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင် များအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လောင်းလှူခဲ့ကြကြောင်း သတင်းရရှိ သည်။
တင်ထွန်း(ပြန်/ဆက်)