မော်လမြိုင် ဇူလိုင် ၂၉
မွန်ပြည်နယ် လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် လူငယ်စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မွန်ပြည်နယ်လူငယ်စင်တာ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်လူငယ်ရေးရာကော်မတီဝင်များ၊ ပြည်နယ်အားကစားနှင့် လူငယ်ရေးရာအထောက်အကူပြုကော်မတီဝင်များ၊ တက္ကသိုလ်အသီးသီးမှ ကျောင်းသား/ကျောင်းသူများ၊ သူနာပြုသိပ္ပံ (မော်လမြိုင်)နှင့် သားဖွားသင်တန်းကျောင်းမှ သင်တန်းသား/သင်တန်းသူများ တက်ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လူငယ်စင်တာအတွင်း စာသင်ခန်း၊ အိမ်တွင်းမှုခန်း၊ ဂီတခန်း၊ နားနေခန်း၊ စာကြည့်တိုက်၊ ကွန်ပျူတာခန်း၊ ပန်းချီခန်းများတွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာရှင်၊ အတတ်ပညာရှင်များက သက်ဆိုင်ရာ ဘာသာရပ်များအလိုက် လေ့ကျင့်ပြုစုပျိုးထောင်ပေးဆနမှုတို့ကို လှည့်လည်ကြည့်ရှု အားပေးသည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားကို ကျင်းပရာ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရာတွင် အရေးပါသည့် လူငယ်ရေးရာကော်မတီလှုပ်ရှားမှုများလုပ်ငန်းစဉ်များကိုပိုမိုထိရောက်အောင် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံတဝှမ်းရှိ လူငယ်များ လမ်းမှားမရောက်စေရေး၊ ခေါင်းဆောင်မှုအရည်အသွေးများ တိုးတက်မြင့်မားလာစေရေးနှင့် လူငယ်များအသိပညာ၊ ဗဟုသုတတိုးပွားလာစေရေးတို့ကို ရည်ရွယ်ပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲများ၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ ကျင်းပပေးလျက်ရှိသည်ကို တွေ့မြင်နေရသည့်အတွက် များစွာအားရကျေနပ်မိပါကြောင်း၊ လူငယ်များသည် နိုင်ငံ၏အနာဂါတ်ဖြစ်သည်နှင့်အညီ အနာဂါတ်ကြယ်ပွင့်များ၏ ဖွံ့ဖြိုးတိုးတက်မှုသည်လည်း နိုင်ငံတော်၏ လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် လူငယ်များအားလုံးမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် မော်လမြိုင်တက္ကသိုလ် ပါမောက္ခ၊ ဥပဒေပညာဌာန ဒေါက်တာဘေဘီဝင်းက လူငယ်စကားဝိုင်း ဆွေးနွေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား၍ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှတ်တရဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်၍ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)