မိုင်းကိုင် ဇူလိုင် ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးများအား စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် လွိုင်လင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေး မှူး ဦးအောင်မိုး ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဟောင်ခမ်း တို့က သင်တန်းဆင်း အမှာစကားပြောကြာပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးမောင်တင်ဦးက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များကို အသီးသီးပေးအပ်သည်။
အဆိုပါသင်တန်းတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများတက်ရောက်ကြပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် ဦးစီးတာဝန်များ၊ ဝန်ထမ်းစည်းမျည်းစည်းကမ်းများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ ဝန်ထမ်းကျင့်ဝတ်များ၊ သစ်တောဥပဒေညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ၊ မြေလွတ်မြေရိုင်း စီမံခန့်ခွဲမှုဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းစင်ရေးဆိုင်ရာများ၊ နိုင်ငံခြားသား ဥပဒေနှင့် လဝကလုပ်ထုံးလုပ်နည်းများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထုတ်ချေးသည့် ချေးငွေ ဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ယစ်မျိုးနှင့် ဓာတ်သတ္တုအမှုတွဲတည်ဆောက်ခြင်း လုပ်ထုံးလုပ်နည်း များ ၊ အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ လက်တွေ့အသုံးပြုလျက် ရှိသည့် မီးသတ် ဥပဒေဘာသာရပ်များ၊ ရပ်ကျေးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် အခြားနည်းသုံးစွဲခွင့်လုပ်ထုံးလုပ်နည်းများ၊ ပိုးသတ်ဆေးဓာတ်မြေဩဇာဥပဒေနှင့် သီးနှံအထွက်တိုးဆောင်ရွက် ရေးနည်းလမ်းများ၊ အခြားဝန်ထမ်းရေးရာနှင့်ပတ်သက်သည့် ဘာသာရပ်များကို ဇွန်လ(၂) ရက်နေ့ မှ (၂၈) ရက်နေ့ အထိ သင်တန်းနည်းပြများက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ချော(မိုင်းကိုင်)