လင်းခေး ဇူလိုင်၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အတွင်းရှိ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၆)သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင် ၂၈ ရက်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးက အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းသို့တက်ရောက်ပြီးစီးသွားပါက၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအနေဖြင့် လုပ်ငန်းဆိုင်ရာအသိပညာ၊ စွမ်းဆောင်ရည်များမြင့်မားလာစေမည် ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးဆိုင်ရာဥပဒေများ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို နားလည်ကျွမ်းကျင်လာစေကာ၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ကြမည်ဖြစ်ပါကြောင်း၊ ရပ်ရွာအတွင်း တရားဥပဒေစိုးမိုးမှုနှင့် ဥပဒေအသိပညာများပြန့်ပွားစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သင်တန်းသားများအားလုံးသည် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးယန္တရား၏ အခြေခံအကျဆုံး အဆင့်ဖြစ်သော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးပိုင်းကဏ္ဍများတွင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူတို့က သင်တန်းသား (၂၅) ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။
အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၇၂)ဦးတက်ရောက်ခဲ့ပြီး၊ သင်တန်းအား ဇူလိုင်လ (၁) ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချ ပေးခဲ့ကြောင်းသိရသည်။
စိုင်းဇော်လတ်(လင်းခေး)