တာချီလိတ် ဇူလိုင် ၂၉
ပြည်ထဲရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သင်ကြားခဲ့သည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် ၂၈ ရက် မွန်းလွဲပိုင်းက ခရိုင်/မြို့နယ်စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင့်ဝေသုံက ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် ပြည်သူဗဟိုပြု အုပ်ချုပ်ရေးစနစ်ကို ထိရောက် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် တာဝန်သိစိတ်၊ ဝန်ဆောင်မှု စိတ်ဓာတ်နှင့် စည်းကမ်းလိုက်နာမှုတို့ကို အခြေခံ၍ မိမိတို့၏ လုပ်ငန်းတာဝန်များကို ဥပဒေနှင့်အညီ ကျေပွန်စွာ ထမ်းဆောင်ကြရန် တိုက်တွန်းအမှာစကား ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက သင်တန်းအောင်မြင်စွာ ပြီးမြောက်ခဲ့သည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၃၁ ဦးအား သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါသင်တန်းကို ဇူလိုင် ၁ ရက်မှ ၂၈ ရက်အထိ လေးပတ်ကြာ ဖွင့်လှစ်သင်ကြားခဲ့ခြင်း ဖြစ်ပြီး သင်တန်းကာလအတွင်း အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ၊ ဒေသန္တရ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့် စီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်များကို သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက စနစ်တကျ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း