စစ်တွေ ဇူလိုင် ၂၈
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ စစ်တွေမြို့ပေါ်ရှိ ရန်ပြေမာန်ပြေကိုးနဝင်းဓာတု ဧးစေတီဘုရားများအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်းနှင့် သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်တော် လောင်းလှူခြင်းကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ရန်ပြေမာန်ပြေကိုးနဝင်းဓာတု ဧးစေတီဘုရားများနှင့် လောကာနန္ဒာစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် စစ်တွေမြို့ပေါ်ရှိ ဧးစေတီဘုရားများအား သွားရောက်ဖူးမြော်ကာ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီးမီးများ ကပ်လှူပူဇော်ကြပြီး သံဃာတော် အရှင်သူမြတ်များက ရန်ပြေမာန်ပြေကိုးနဝင်းဓါတုဧးစေတီ များကို ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် စစ်တွေမြို့ လောကာနန္ဒာစေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပသော ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်သည်။ ထို့နောက် ဧည့်ပရိသတ်များက ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့ နန္ဒာရာမ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာ ထေရ်မြတ်ထံမှ ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြကာ သံဃာတော်အရှင် သူမြတ်များက အန္တရာယ်ကင်းပရိတ်တရားတော်များကိုရွတ်ပွား ချီးမြှင့်တော်မူကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကြပြီး မြို့နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့ ပညာလင်္ကာရ ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနာဂိန္ဒ မဟာထေရ်မြတ်ထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များက ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်များအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူခဲ့ကြကြောင်း သတင်းရရှိ သည်။
တင်ထွန်း(ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး