ရမည်းသင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြော

ရမည်းသင်း  ဇူလိုင်  ၂၈

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၌ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်မြင့်မာစေရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၂၈ ရက် နံနက် ၉ နာရီက အခြေခံပညာမူလတန်းလွန်ကျောင်း(တပ်တွင်း)၌ ကျင်းပသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က ကျောင်းသား၊ ကျောင်သူများစာပေဖတ်ရှုလေ့လာခြင်းအားဖြင့် ကိုယ်ပိုင်အသိဉာဏ်များဖွံ့ဖြိုးတိုးတက်လာစေပြီး အကြောင်းအကျိုး၊ အကောင်းဆိုးများ ဝေဖန်ခွဲခြားသုံးသပ်တက်စေရေး၊ အတွေးအမြင်များ ကျယ်ပြန့်လာပြီး စာဖတ်အလေ့အကျင့်ကောင်းများ ဖြစ်ထွန်းလာစေရေးအတွက် အသိပညာပေးဟောပြောသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး သုတ/ရသဖြစ်စေမည့် စာဖတ်ရှိန်မြင့်မားရေးစာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ  ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဟိန်းပြည့်ဇော် (ခရိုင်ပြန်/ဆက်)