ကျေးသီး ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ကျေးလက်ဒေသ စုပေါင်း အမှိုက်သိမ်းဆည်းစနစ် တည်ထောင်ခြင်းလုပ်ငန်း အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့မှ ယမန်နေ့ နံနက် ၉ နာရီခန့်က မိုင်းနင်ကျေးရွာအုပ်စု၊ နောင်ယုံးကျေးရွာ၌ သွားရောက် စိုက်ထူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမြင့်ဝေ က အမှာစကားပြောကြားရာတွင် ကျေးလက်ဒေသ စုပေါင်းအမှိုက် သိမ်းဆည်းစနစ် တည်ထောင်ခြင်း လုပ်ငန်းအသိပညာပေး ဆိုင်း ဘုတ်စိုက်ထူရခြင်း ရည်ရွယ်ချက်များ ရှင်းလင်း ပြောကြားပြီး ကျေးရွာနေ ပြည်သူများ အနေဖြင့် ကျေးရွာသန့်ရှင်းသာယာလှပရေး၊ အမှိုက်ကင်းစင်နယ်မြေဖြစ်ရန် အတွက် အမှိုက်ကျင်း(သို့) အမှိုက်စွန့်ပစ်နေရာ ရွေးချယ် သတ်မှတ်ခြင်း၊ အပတ်စဉ် အမှိုက်သယ်ပို့မည့် ထော်လာဂျီများ ထားရှိခြင်း၊ ကျေးရွာနေ လူငယ်များ၏စုပေါင်းအင်အားဖြင့် ဖွဲ့စည်း၍ အမှိုက် သိမ်းဆည်းရန် တာဝန်သတ်မှတ်ခြင်း၊ ကျန်းမာရေးရှုထောင့်အရ အမှိုက်များကို မီးရှို့ဖျက်စီးခြင်းမပြုဘဲ အမှိုက်ကျင်းတူး၍ အသုံးပြုစေခြင်း၊ အဓိကလိုအပ်သည့် အခြေခံအချက်များဖြစ်သည့် အမှိုက်ကန်၊ အမှိုက်ကျင်း၊ အမှိုက်ထားရှိမည့်မြေနေရာ၊ မတည်ရန်ပုံငွေများကို ကျေးရွာရှိ ငွေကြေးတတ်နိုင်သူများက ဦးဆောင်ထည့်ဝင် ဆောင်ရွက်ခြင်းဖြင့် ကျေးရွာနေပြည်သူများ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာ လှပရေး၊ အမှိုက်ကင်းစင်ရေးအတွက် အားလုံးပူး ပေါင်းပါဝင် ဆောင်ရွက် ပေးစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာနေ ပြည်သူများအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့က ကျေးလက်ဒေသ စုပေါင်းအမှိုက်သိမ်းဆည်းစနစ် တည်ထောင်ခြင်းလုပ်ငန်း အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့မှ ထောက်ပံ့ပေးအပ် လာသော ကလေးဖိနပ် ( ၂၂ )ရံကို ကလေးငယ်( ၂၂ )ဦးတို့အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သဲစုပိုင်(ပြန်/ဆက်)