မိုင်းဆတ်မြို့၌ ရေဆင်းပေါ်ဆန်းစပါးမျိုး ကွင်းလက်တွေ့စိုက်ပျိုး ပြသ

မိုင်းဆတ် ဇူလိုင် ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ မိုးစပါးစိုက်ပျိုးရာသီတွင် စမ်းသပ်စိုက်ပျိုးမည့် ရေဆင်းပေါ်ဆန်း(၁)နှင့် ရေဆင်းပေါ်ဆန်း(၂) စပါးမျိုးများကွင်းလက်တွေ့စိုက်ပျိုးပြသခြင်းကို ယနေ့နံနက် ၈ နာရီခွဲက မြို့သစ်ရပ်ကွက်၊ ဝိန်းနေစံပြစိုက်ကွင်းတွင် ကျင်းပသည်။

ဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းညွန့်က မိုင်းဆတ်မြို့နယ်တွင် မိုးစပါးစိုက်ဧက(၄၃၅၃၃)ဧကရှိပြီး ဒေသဝမ်းစာဖူလုံမှု(၁၈၀)ရာခိုင်နှုန်းခန့်ရှိသဖြင့် တောင်သူများ ပိုလျှံစပါးရောင်းချရာတွင် ဒေသမျိုးစပါးထက်ဝင်ငွေပိုမိုရရှိနိုင်သည့် အရည်အသွေးမြင့် ရေဆင်းပေါ်ဆန်း(၁)နှင့် ရေဆင်းပေါ်ဆန်း(၂)စပါးမျိုး ငါးဧကစမ်းသပ်စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးရွှေနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်တို့က တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးကဏ္ဌဖွံ့ဖြိုးတိုးတက်ရေး ပံ့ပိုးဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကို ရှင်းလင်းပြောရာ တောင်သူများနှင့် စိုက်ပျိုးမွေးမြူရေး ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။ 

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်များ ဝင်ငွေပိုမိုရရှိစေရေးနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဈေးကွက်ဝင်ပေါ်ဆန်းမွှေးစပါးများစိုက်ပျိုးရေး စည်းရုံးဆောင်ရွက်လျက်ရှိရာ ယခုနှစ်မိုးရာသီတွင် ပေါ်ဆန်းမွှေးစပါးလျာထား(၆၅)ဧကတွင် ယနေ့ထိ (၈၁)ဧက စိုက်ပျိုးပြီးစီးကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)