မိုးညှင်း ဇူလိုင် ၂၈
ကချင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ)၊ ဦးကျုံးလျန်ဗွိုင်း သည် မိုးညှင်းခရိုင်/မြို့နယ်မှ တာဝန်ရှိသူများနှင့်အတူ မိုးညှင်းမြို့ အုတ်ကျင်း-ပင်ရဲလှ-နန့်ပုတ် ကျေးရွာချင်းဆက်လမ်း လမ်းဘေးဝဲ/ယာ တာဘောင်ချဲ့ခြင်းနှင့် ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးကြရာတွင် အုတ်ကျင်း-ပင်ရဲလှ-နန့်ပုတ် ကျေးရွာချင်းဆက်လမ်းအား အရှည်(၅)ဖာလုံ၊ အကျယ်(၁၈)ပေနှင့် ထု(၆)လက်မရှိ လမ်းဘေးဝဲ/ယာ တာဘောင်ချဲ့ခြင်းနှင့် ကျောက်ချော လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း (၃၅၉) ဒဿမ (၀၈၅) ဖြင့် Aries And Co ကုမ္ပဏီမှ တင်ဒါအောင်မြင် ဆောင်ရွက်သွားမည့် အခြေအနေများကို ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်အတူ တာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးကြပြီး ပြည်နယ်ညွှန်ကြား ရေးမှူးက လုပ်ငန်းများအလျဉ်အမြန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းလိုအပ်ချက် များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ညွှန်ကြားရေးမှူးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မိုးညှင်းခရိုင်ရုံးသို့ သွားရောက်၍ ခရိုင်/မြို့နယ်ဝန်ထမ်းများနှင့်တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနရုံး ချုပ်တို့မှ လမ်းညွှန်မှာကြားချက်များအား လိုက်နာဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်း အတိုင်းအတာပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ကြီးကြပ်ဆောင်ရွက်သွားရန် မှာကြားပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များအား ညှိနှိုင်းဆောင်ရွက် ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း