ဒဂုံမြို့သစ်(တောင်ပိုင်း) ဇူလိုင် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အမျိုးသမီးကော်မတီ အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းလွင်က အမှာစကားပြောကြားပြီး ကော်မတီအတွင်းရေးမှူး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချောစုဝင်းက အမျိုးသမီးကော်မတီအစည်းအဝေး ဆောင်ရွက်ရခြင်းရည်ရွယ်ချက်၊ အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးများတွင် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုပပျောက်ရေးကို ရှေးရှုသောလုပ်ငန်းစနစ်များ၊ လုပ်ထုံးလုပ်နည်းများ၊ အကြမ်းဖက်ခံရသောအမျိုးသမီးငယ်များ၏ လိုအပ်ချက်များကို တုံ့ပြန်ဖြည့်ဆည်းပေး၍ အရေးပေါ်အခြေအနေတိုင်းတွင် ၎င်းတို့၏ ရပိုင်ခွင့်ဖြစ်သော ကာကွယ်စောင့်ရှောက်မှုရရှိရန်၊ ပဋိပက္ခအန္တရာယ်လျှော့ချခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးကြကြောင်း သိရသည်။
နေမျိုးအောင်