နမ့်စန်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်း(၁/၂၀၂၆)ဆင်းပွဲ ကျင်းပ

နမ့်စန်(တ) ဇူလိုင် ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၁/၂၀၂၆) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်၁၁နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ရာ သင်တန်းသား ခေါင်းဆောင်တစ်ဦးက လက်ခံရယူခဲ့သည်။

ထို့နောက် သင်တန်းထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ရာ ပထမဆုရရှိသော ခိုလမ်မြို့အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ကလည်းကောင်း၊ ဒုတိယဆုရရှိသော နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းသီတာနွယ်ကလည်းကောင်း၊ တတိယဆုရရှိသော နမ့်စန်မြို့နယ် နမ့်စန်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းဦးက လည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ အဆိုပါသင်တန်းကို ဇူလိုင်လ ၁ ရက်နေ့မှ ၂၈ ရက်နေ့ထိဖွင့်လှစ်ခဲ့ပြီး နမ့်စန်မြို့နယ်နှင့် ခိုလမ်မြိုတို့ရှိ ရပ်ကွက်(၁၁)ခုနှင့်ကျေးရွာအုပ်စု(၂၀)တို့မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်း စုစုပေါင်း (၆၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)