ကျောက်မဲမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး သင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲ ကျင်းပ

ကျောက်မဲ ဇူလိုင် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ အခမ်းအနားတွင် ကျောက်မဲခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းက သင်တန်းဆင်း အမှာစကား ပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးညွန့်ရွှေက သင်တန်းဆင်း အမှာစကား ဆက်လက်ပြောကြားသည်။

အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တက်ရောက်ကြသည်။ ယင်းနောက် သင်တန်းဆင်းပွဲ အခမ်းအနားကို နံနက် ၉ နာရီခွဲတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)