မိုးနဲမြို့နယ်၌ ပဲတောင့်ရှည်များ ဈေးကောင်းရရှိ‌နေသဖြင့် စိုက်ပျိုးတောင်သူများ အဆင်ပြေ

မိုးနဲ ဇူလိုင် ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌  ရာသီပေါ်သီးနှံများ ဈေးကောင်းရရှိလျက်ရှိရာ ယခုကာလတွင်  ပဲတောင့်ရှည်(ခေါ်)တိုင်ထောင်ပဲများ အရောင်းသွက်နေသဖြင့် ဈေးကောင်းရရှိနေပြီး စိုက်ပျိုးတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပဲတောင့်ရှည်ပင်များကို စိုက်ပျိုးရာတွင် ဦးစွာစနစ်တစ်ကျ စိုက်ပျိုးရပြီး သက်မှတ်အရွယ်အစားရောက်လျှင် စင်တင်ပေးရကြောင်း၊ ပဲတောင့်ရှည်မစိုက်ပျိုးမီ ဦးစွာ နွားချေးနှင့် အခြား မြေဩဇာတို့ကို ထည့်သွင်းပေးပါက အပင်ကြီးထွားနှုန်း ကောင်းမွန်စေကြောင်း၊ အပင်များ ပျက်ဆီးဆုံးရှုံးမှုမဖြစ်ပေါ်စေရန် အပင်ပတ်ပတ်လည်ကို မြေဆွပေါင်းသင်ပေးပြီး လိုအပ်သော ရေရရှိရန်ဆောင်ရွက်ပေးရကြောင်း၊ ပုလဲမြေဩဇာကို ရေဖျော်ပတ်ဖျန်းပေးခြင်းဖြင့် အပင်ကြီးထွားနှုန်း‌ ကောင်းစေကြောင်း၊ ယခုကာလတွင် ပဲတောင့်ရှည်များ စတင်ခူးဆွတ် ရောင်းချနေရပြီဖြစ်ရာ ၈ တောင့်ပါ တစ်စီးလျှင် ကျပ် (၁၀၀၀) အထိ ရောင်းချနေရကြောင်း ၂ ပတ်လျှင်တစ်ကြိမ်နှုန်း ခူးဆွတ်ရောင်းချလျက်ရှိကြောင်း၊ ခြံသို့ ဖောက်သယ်လာရောက် ဝယ်ယူသူများလည်းရှိကြောင်း ပဲတောင့်ရှည်ပင်များသည် စိုက်ပျိုးရန်လွယ်ကူသဖြင့် စမ်းသပ်စိုက်ပျိုးကြည့်သင့်ကြောင်း၊ ဝင်ငွေရရှိသည့်အပြင် မိသားစု မီးဖိုဆောင် အသုံးစရိတ်ကိုပါ ချွေတာနိုင်ကြောင်းနှင့် ဖရုံ၊ မုန်ညှင်းစိမ်း၊ ပဲတောင့်ရှည်၊ ဂေါ်ဖီထုပ်နှင့် ခရမ်းညိုပင်များကိုပါ စိုက်ပျိုးထားသေးကြောင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးတောင်သူထံမှ သိရသည်။

မိုးနဲမြို့နယ်တွင် အဓိကလုပ်ငန်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြရာ ယခုအချိန်တွင် စပါး၊ ပြောင်းနှင့် အချို့နေရာများတွင် ပဲပုပ်များကို စိုက်ပျိုးထားကြကြောင်း သိရသည်။

ဇင်ကိုကို