မိုင်းပျဉ်း ဇူလိုင် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဘုရားအနေကဇာတင်နှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း ဘုရားခန်း၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ကြပြီး ထေရဝါဒကျောင်း ဆရာတော် အရှင်သီရိဓမ္မထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ မိုင်းပျဉ်းမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း(၅)ကျောင်းမှ ပင့်ကျောင်းသံဃာတော်များက ပရိတ်တရားတော်များ ချီးမြှင့်ပေးကြပြီး၊ ဆရာတော် သံဃာတော်များအား ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ဆရာမများက ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ထေရဝါဒကျောင်း ဆရာတော် အရှင်သီရိဓမ္မက ဝါဆိုမြတ်သင်္ကန်း ကပ်လှူရခြင်းအကျိုး တရားတော်များကို ချီးမြှင့်ဟောကြားပေး၍ ကုသိုလ်များကို ရေစက်ချအမျှပေးဝေ ခဲ့ကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ အထကကျောင်း ပညာရေးမိသားစု၏ ဘုရားအနေကဇာတင်ခြင်းနှင့် မြတ်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ အထကကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။
နန်းသန္တာဦး(ပြန်/ဆက်)