ဟိုပုံး ဇူလိုင် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ မဲနယ် တောင်ဒေသတွင် တောင်သူများ ကော်ဖီ ဧက (၃၀၀၀) စိုက်ပျိုးရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးထောင်ထားရှိသည့် ၂၀၂၆ ခုနှစ် မိုးရာသီတွင် အရိပ်ရ ခါတော်မီပင် (၂၃၁၀၀၀) ပင် ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်သစ်တောဦးစီးဌာနတွင် ပြုလုပ်သည်။
ထိုသို့ဖြန့်ဝေရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေ၊ မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်လှိုင်ဆွေနှင့် တာဝန်ရှိသူများက မဲနယ်တောင်ဒေသတွင် တောင်သူ ကော်ဖီ ဧက (၃၀၀၀) စိုက်ပျိုးရန်အတွက် အရိပ်ရ ခါတော်မီပင် (၂၃၁၀၀၀) ပင်တို့ကို ကော်ဖီစိုက်ပျိုးတောင်သူများအား အသီးသီးဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကော်ဖီစိုက်ပျိုးမှုရေရှည်တည်တံ့ခိုင်မြဲစေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကော်ဖီစိုက်ခင်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကော်ဖီစိုက်ပျိုးတောင်သူများအား အရိပ်ရ ခါတော်မီပင်များ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)