တာချီလိတ် ဇူလိုင် ၂၈
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် ခရိုင်ဦးစီးမှူးရုံးနှင့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BP/TBP) ထုတ်ပေးရေးလုပ်ငန်း အဆောက်အဦ သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေး တံတားအနီးရှိ တာချီလိတ် ခရိုင်ဦးစီးမှူးရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် နယ်စပ်ဒေသ၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများကို ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူများအား ဝန်ဆောင်မှုပေးရာတွင် အရည်အသွေးမြင့်မားလာစေရေးအတွက် ယခုအဆောက်အဦများ တည်ဆောက်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တာချီလိတ် ခရိုင်ဦးစီးမှူးရုံး အဆောက်အဦနှင့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BP/TBP) ထုတ်ပေးရေးလုပ်ငန်း အဆောက်အဦတို့ကို တာဝန်ယူတည်ဆောက်ခဲ့သည့် United Home Builder Co., Ltd မှ တာဝန်ခံ ဦးကျော်လင်းက လုပ်ငန်းပြီးစီးမှုမှတ်တမ်းကို လွှဲပြောင်းပေးအပ်ရာ ရှမ်းပြည်နယ် ဦးစီးမှူး ဦးအောင်ဝင်းသိန်းက လက်ခံရယူပြီး အဆောက်အဦများ တည်ဆောက်နိုင်ရေး အတွက် နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေအပြင် အလှူငွေများ ပံ့ပိုးလှူဒါန်းခဲ့ကြသည့် အလှူရှင်များအား ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများက တာချီလိတ်ခရိုင်ဦးစီးမှူးရုံးနှင့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BP/TBP) ထုတ်ပေးရေးလုပ်ငန်း အဆောက်အဦသစ်တို့အား ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြပြီး အဆောက်အဦသစ် ကမ္ဗည်းမော်ကွန်းလွှာအား အမွှေးနံ့သာရည်များ ပက်ဖျန်း၍ မင်္ဂလာပြုခဲ့ကြသည်။
ယင်းနောက် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များနှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် အသစ်ဖွင့်လှစ်ခဲ့သည့် တာချီလိတ်ခရိုင်ဦးစီးမှူးရုံးနှင့် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (BP/TBP) ထုတ်ပေးရေးလုပ်ငန်း အဆောက်အဦများအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)