တန့်ယန်းမြို့နယ် အောင်တော်မူစေတီတော်တွင် ပထမအကြိမ် ဝါဆိုသင်္ကန်း၊ ဝါဆိုပန်း ဆက်ကပ်လှူဒါန်း

တန့်ယန်း ဇူလိုင် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ် နေမိန္ဓရ ကုန်းတော်ပေါ်တွင် တည်ထားလျက်ရှိသော အောင်တော်မူ စေတီတော်ကြီး၏ ဗုဒ္ဓမြတ်စွာဆင်းတုတော်များအား ပထမအကြိမ် ဝါဆိုသင်္ကန်း ဝါဆိုပန်း ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

အဆိုပါ မင်္ဂလာအခမ်းအနားတွင် ကိုင်းကုန်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလနှင့် ဆရာတော်ကြီးများက ဦးဆောင်၍ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်တို့မှ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝတ်အသင်းအဖွဲ့များ၊ အလှူရှင်များ၊ တပည့် ဒါယကာ၊ ဒါယိကာများတို့က ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများ ကိုင်ဆောင်၍ စေတီတော်ကြီးအား သုံးကြိမ် လှည့်လည်ပူဇော်ကြသည်။

ယင်းနောက် ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများအား စေတီတော်ရှိ ဗုဒ္ဓမြတ်စွာဆင်းတုတော်များအား ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)