သီပေါ ဇန်နဝါရီ ၂၆
ယခုအခါ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် မီးလောင်မှုများ၊ မီးလန့်မှုများ မဖြစ်ပွားစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီခွဲ အချိန်ကမြို့တွင်း ရပ်ကွက်များသို့ လှည့်လည်ဆော်သြခဲ့သည်။
အဆိုပါ မီးဘေးအန္တရာယ် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် သီပေါမြို့ပေါ်ရှိ ရပ်ကွက် (၁၁) ရပ်ကွက် အတွင်း နေထိုင်ကြသူများ လျှပ်စစ်မီး၊ မီးဖိုမီးသုံးစွဲရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ လောင်စာဆီများ ဖြည့်/လှယ်လျှင် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ မီးဖိုမီး၊ ခြင်ဆေးမီး၊ ဖယောင်း တိုင်မီး၊ အမွှေးတိုင်မီးများကို အသုံးပြုပြီးလျှင် ပြန်လည်စစ်ဆေး၍ အပြီးသတ် ငြှိမ်းထားကြရန်၊ လေပြင်းများ ကျရောက်နေပြီဖြစ်၍ အမှိုက်များ မီးရှို့ခြင်းမပြုကြရန်၊ အိမ်ပြင်ပသို့ ထွက်ခွာမည်ဆိုပါက မီးခလုတ်များအား သေချာစစ်ဆေးပြီးမှ ထွက်ခွာရန်၊ ဆေးလိပ်မီးအား စည်းကမ်းမဲ့ စွန့်ပစ်ခြင်း မပြုကြရန်၊ ရပ်ကွက်အတွင်းရှိ အိမ်များနှင့်ရုံးများတွင် မီးချိတ်၊ မီးကတ်၊ ရေပုံ၊ သဲပုံးများထားရှိကြရန်နှင့် မီးသတ်ဆေးဘူးများ ဆောင်ထားကြရန် စသည့်သတိပြုရမည့် အချက်များကို သီပေါမြို့နယ်မီးသတ်တပ်ဖွဲ့မှ လှည့်လည်နှိုးဆော် သတိပေးခဲ့ကြောင်း သိရသည်။
ခင်လေး(မြို့နယ် ပြန်/ဆက်)