စလင်း ဇူလိုင် ၂၈
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ စလင်းမြို့တွင် နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးနှင့်နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန်နိုင်ငံသားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် အမှတ်(၂၅၃)ရှိ နယ်မြေခံတပ်ရင်းနှင့် အမှတ်(၂၅၄)ရှိနယ်မြေခံတပ်ရင်းတို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေ့တန်းပြန်စစ်သည်များဖြစ်သည့် အမှတ်(၂၅၃)ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဇင်မင်းထွန်း ဦးစီးသောစစ်ကြောင်းအဖွဲ့အားလည်းကောင်း၊ အမှတ်(၂၅၄)ခြေလျင်တပ်ရင်းမှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးကျော်သူအောင် ဦးစီးသော စစ်ကြောင်းအဖွဲ့အားလည်းကောင်း၊ တပ်နယ်မှူး ဗိုလ်မှူးကြီး ဇော်ဝင်းထွန်းနှင့် အရာရှိစစ်သည်များ၊ မင်းဘူးခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေလွင်၊ အတွင်းရေးမှူး ဒုရဲမှူးကြီး မောင်မောင်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ခေတ္တဥက္ကဋ္ဌ ရဲမှူးမိုးဇော်နိုင်နှင့်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူတို့မှ လှိုက်လဲပျူငှာစွာကြိုဆိုခဲ့ကြသည်။
အဆိုပါကြိုဆိုပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ပေးအပ်သော တပ်ရင်း(၁)ရင်းလျှင် (၁၀)သိန်းနှုန်းဖြင့် တပ်ရင်း(၂)ရင်းအတွက် (၂၀)သိန်းကျပ်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်မှလည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်ရင်း(၁)ရင်းလျှင် (၁၀)သိန်းကျပ်နှုန်းဖြင့်၊ တပ်ရင်း(၂)ရင်းအတွက် (၂၀)သိန်းကျပ်အားလည်းကောင်း၊ တပ်နယ်မှူးဗိုလ်မှူးကြီး ဇော်ဝင်းထွန်းမှ တပ်ရင်း (၁)ရင်းလျှင် (၁၀)သိန်းနှုန်းဖြင့် တပ်ရင်း(၂)ရင်းအတွက်(၂၀)သိန်းကျပ်အား လည်းကောင်း ရှေ့တန်းပြန်တပ်ရင်းမှူးတို့အား အသီးသီးဂုဏ်ပြုချီး မြှင့်ခဲ့ သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဒေသခံတိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို အသက်ကို ပဓာနမထားဘဲ စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား ကြိုဆိုဂုဏ်ပြုပွဲသို့ တပ်နယ်မှူး ဗိုလ်မှူးကြီး ဇော်ဝင်းထွန်းနှင့်အရာရှိစစ်သည်များ၊ မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်နှင့် အတွင်းရေးမှူး ဒုရဲမှူးကြီးမောင်မောင်နှင့်အဖွဲ့များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြိုင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခေတ္တဥက္ကဋ္ဌ ရဲမှူးမိုးဇော်နိုင်နှင့်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့်ဒေသခံပြည်သူများ၊ တက်ရောက်လာကြသူများက အောင်သပြေခက်များ၊ အောင်ပန်းကုံးများဖြင့်လည်းကောင်း၊ အချိုရည်ဘူးနှင့်မုန့်များ၊အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်း ဝမ်းမြောက်စွာသောင်းသောင်းဖျဖျကြိုဆိုခဲ့ကြကြောင်း သိရသည်။
မောင်လွင်(စလင်း)