ပုံပါကျင် ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ် ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဆိုင်ရာ အသိပညာပေး ရှင်းလင်း ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက နမ့်ဟူးခွန်ကျေးရွာအုပ်စု၊ နမ့်ဟူးခွန်ဘုရားကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပုံပါကျင်မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ဆမ်က ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာများနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများနှင့်အညီ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူးများ၊ ရာအိမ်မှူးများနှင့် ကျေးရွာတာဝန်ခံများ ရွေးချယ်နိုင်ရန်အတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို အသိပညာပေး ဆွေးနွေးခဲ့သည်။ ထို့နောက် နမ့်ဟူးခွန်ကျေးရွာအုပ်စုမှ ဦးဧလိယက လီဆူဘာသာဖြင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဆိုင်ရာဥပဒေများကို ထပ်ဆင့်ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့အဆင့်ဌာနဆိုင်ရာများ၊ နမ့်ဟူးခွန်ကျေးရွာအုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာ အုပ်စုနေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပုံပါကျင်မြို့တွင် မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃)အုပ်စုရှိပြီး မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စုရပ်/ကျေးစာရေးများမှ ရပ်ကွက် (သို့မဟုတ်) အုပ်စုအုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်နိုင်ရေး အတွက် စဉ်ဆက်မပြတ် ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စန္ဒီ(ပြန်/ဆက်)