မြိတ်မြို့တွင် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ညှိနှိုင်းအစည်းအဝေး ပြုလုပ်

မြိတ်   ဇူလိုင်   ၂၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုညှိနှိုင်းအစည်းအဝေးကို ဇူလိုင်(၂၇)ရက်နံနက်ပိုင်းက မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာအစည်းအဝေးခန်းမတွင်  ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးသိန်းလွင်က နိုင်ငံတော်အဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ၏  အစည်းအဝေးဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ရေရှည်ဆောင်ရွက်ရမည့်ဆုံးဖြတ်ချက်များကို စဉ်ဆက်မပြတ်ဆက်ဆက်‌ဆောင်ရွက်ရေး၊ ကမ်းရိုးတန်းဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ ပင်လယ်ပြင် ရေပေါ်ရေအောက် သယံဇာတများပျက်စီးမှုမရှိစေရန် ဆောင်ရွက်ရေး၊ ပလတ်စတစ်အမှိုက်များကို စက်လှေများ၊ ခရီးသွား Boat များနှင့် ငါးဖမ်းလှေများမှ စည်းကမ်းမဲ့စွန့်ပစ်မှုမရှိစေရေး၊  စက်ရုံအလုပ်ရုံများမှ ရေဆိုးများကို မြစ်ချောင်းများထဲ တိုက်ရိုက်စွန့်ပစ်မှုမရှိစေရေး ဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးသစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစောစီးလာက ဗဟိုကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များအနက် ရေရှည်ဆောင်ရွက်ရမည့်ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊  ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားပြီး မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးရေသယံဇာတများကိုရေရှည်တည်တံ့စေရန် ထိန်းသိမ်းနိုင်ရေး၊ ပလတ်စတစ်အမှိုက်စီမံခန့်ခွဲမှုများနှင့် ဒီရေတောထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်မှုများကို ဆွေးနွေးပြောကြားသည်။

 ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။ ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ခရိုင်အဆင့်ကော်မတီကို မကြာမီဖွဲ့စည်းပြီး သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ပညာရှင်များဖြင့် ကဏ္ဍအလိုက်ညှိနှိုင်းပေါင်းစပ်၍ ပင်လယ်ကမ်းရိုးတန်းသယံဇာတများထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)