ရခိုင်ပြည်နယ်ဝန်ကြီးချုပ် မုန်တိုင်းဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား တက်ရောက်

စစ်တွေ     ဇူလိုင်    ၂၇

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ မုန်တိုင်းဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

ဦးစွာ ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက မုန်တိုင်းဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့က လိုအပ်ချက်များကို နားလည်သဘောပေါက်လာပြီး ဘေးအန္တရာယ်များကို ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြင့် တုံ့ပြန်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ကြောင်း၊  သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာမှ ရင်ဆိုင်တုံ့ပြန် သည်ထက် ဘေးမဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းသည် အကောင်းဆုံးနှင့် အထိရောက်ဆုံးသော နည်းလမ်းဖြစ်ကြောင်း၊ ကြိုတင်ပြင်ဆင်ခြင်းဖြင့် ဘေးအန္တရာယ်များကိုစနစ်တကျ ရင်ဆိုင်တုံ့ပြန်ဆောင်ရွက်နိုင်ပြီး လူ့အသက်၊ အိုးအိမ်၊ စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှုများကို လျော့နည်းသက်သာစေမည်ဖြစ်ကြောင်း၊ အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ ဖြစ်ပေါ်လာသည့် ဆိုင်ကလုန်းမုန်တိုင်းများသည် မြန်မာနိုင်ငံအတွင်း မိုးကြိုကာလနှင့် မိုးနှောင်းကာလများတွင် ဝင်ရောက်တိုက်ခတ်လေ့ ရှိကြောင်း၊ ၂၀၂၃ ခုနှစ်၊ မေလ (၁၄)ရက်နေ့က ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးများသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည့် အလွန့်အလွန်အားကောင်းသော အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်နှင့် စီးပွားရေး၊ လူမှုရေးအခြေခံအဆောက်အဦများ ကြီးမားစွာ ထိခိုက်ဆုံးရှုံးခဲ့သောလည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အတူ အချိန်တိုအတွင်း မူလအခြေအနေထက် သာလွန်ကောင်းမွန်အောင် တုံံ့ပြန်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အဆိုပါ အတွေ့အကြုံများကို ထိထိရောက်ရောက် အသုံးချပြီး သဘာဝဘေးအန္တရာယ်ကြိုတင် ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မုန်တိုင်းဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်မှုကို ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပရဟိတအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များမှ ဆောင်ရွက်ကြရာ ဇာတ်တိုက်လေ့ကျင့်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က ဇာတ်တိုက်လေ့ကျင့်ခြင်းအပေါ် ပြန်လည်သုံးသပ်ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ တရားသိစုရပ်ကွက်နှင့် ရွှေပြားရပ်ကွက်တို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းဖော်ဆောင်ခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)၊  ဓာတ်ပုံ- ဝင်းမင်းစိုး