ရပ်စောက် ဇူလိုင် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးပွားလာစေရန်နှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးဝက်နှင့် ဒေသနွားများ လက်ဆင့်ကမ်းဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ကျင်ပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တောင်ကြီးခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနီနီဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းစိုးနိုင်နှင့် မြို့နယ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်တို့က အမှာစကားများပြောကြားပြီး လုပ်ငန်းရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။ ထို့နောက်တာဝန်ရှိသူများက ပါမဲကျေးရွာအုပ်စု၊ ထင်းကွင်း၊ တပ်ဦး(ရွာသစ်)ကျေးရွာသို့ မြစိမ်းရောင်(အသားကဏ္ဍ) သတ္တမအကြိမ် ဝက် (၁၀၈)ကောင် (ကျသင့်ငွေ သိန်း ၂၇၀)နှင့် စာချုပ်မှတ်တမ်းများကို လွှဲပြောင်းပေးအပ်ခဲ့သည်။ အလားတူဟွေးကျေးရွာအုပ်စု၊ လဲချားကျေးရွာသို့လည်း မွေးမြူရေးဘဏ်စနစ်ဖြင့် တတိယအကြိမ် ဒေသနွားထီး တစ်ကောင်၊ နွားမ (၂၀) ကောင်နှင့် လွှဲပြောင်းခြင်း စာချုပ်မှတ်တမ်းများကို ဒေသခံတောင်သူများ ထံစနစ်တကျလက်ဆင့်ကမ်းလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဆာကပေါ် (ပြန်/ဆက်)