မိုးညှင်းမြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်၊ ဘတ်စကက်ဘောနှင့် သံလုံးပစ် မိုးရာသီအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

မိုးညှင်း ဇူလိုင် ၂၇

၂၀၂၆ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှကြီးမှူးကျင်းပသော မိုးညှင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလားဖြစ်သည့် ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်၊ ဘတ်စကက်ဘောနှင့် သံလုံးပစ် မိုးရာသီအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် (၂၆) ရက် ညနေ (၄) နာရီက မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။

ထိုသို့ ပြိုင်ပွဲများကျင်းပခဲ့ရာတွင် မိုးညှင်းခရိုင်အတွင်း ရွက်ပုန်းသီးကျောင်းသားလူငယ် အားကစားသမားများ မွေးထုတ်ပေးနိုင်စေရန်၊ အားကစားမှတစ်ဆင့် မိမိတို့မြို့နယ်၊ ပြည်နယ်နှင့် နိုင်ငံဂုဏ်ဆောင်နိုင်စေရန်နှင့် စစ်မှန်သောအားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျား/မ မီတာ (၁၀၀)၊ (၂၀၀)ပြေးခုန်ပစ်ပြိုင်ပွဲ၊ ကျား/မ မီတာ(၁၀၀) အလျားခုန်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်၊ ဘတ်စကတ်ဘောနှင့် သံလုံးပစ်ပြိုင်ပွဲစသည့် အားကစားပြိုင်ပွဲတို့မှ ပထမ၊ ဒုတိယနှင့် တတိယဆုများရရှိကြသည့် အားကစားသမားများကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။ အဆိုပါ မိုးရာသီအားကစားပြိုင်ပွဲများကို ဇူလိုင် (၂၅) ရက်မှ (၂၆) ရက်အထိ အားကစားနည်း ငါးနည်းဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း