လင်းခေးမြို့နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် ပရိယတ္တိသဒ္ဓမ္မပါလ စာမေးစာဖြေပွဲစာအောင် သံဃာတော်သာမဏေများအား ဂုဏ်ပြုဆုချီး မြှင့်ပွဲအခမ်းအနား ကျင်းပ

လင်းခေး ဇူလိုင် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့နယ်၏ (၂၆) ကြိမ်မြောက် မြို့နယ်လုံးကျွတ်ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် (၄၄)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလစာ    အောင်သံဃာတော်သာမဏေများအား ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မဟာမြတ်မုနိဘုရား ကျောင်းတော်ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ မဟာမြတ်မုနိဘုရားကျောင်းဓမ္မာရုံ၌ မြို့နယ်လုံး ကျွတ်ဝါဆိုသင်္ကန်းကပ်လှူပွဲအားကျင်းပရာ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အမှူးပြုသည့်သံဃာတော်များ၊ အလှူရှင်များနှင့် တက်ရောက်လာသူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုစတင်၍ ရတနာသုံးပါးကန်တော့ကာ ငါးပါးသီလခံယူခဲ့ကြပါသည်။ ဆက်လက်၍ တပ်နယ်(လင်းခေး)မှတာဝန်ရှိသူများ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများနှင့် စေတနာအလှူရှင်အပေါင်းက သံဃာတော်များထံ ဝါဆိုသင်္ကန်းဆက်ကပ်ခြင်းနှင့် နဝကံမ္မအလှူစုပေါင်းဆက်ကပ်ခြင်း ဆောင်ရွက်ခဲ့ကြပါသည်။ ဆက်လက်၍ ဆရာတော်ဘဒ္ဒန္တဝိမလဘိပါလထံမှ တရားဒေသနာနာယူခြင်း၊ ပရိသတ်အားလုံးအတူတကွ လှူဒါန်းမှုအစုစု အတွက်ရေစက်သွန်းချအမျှ ပေး‌ဝေခဲ့ကြပြီးနောက်၊ ဗုဒ္ဓသာသနံဇိရံတိဋ္ဌတုသုံးကြိမ် ရွတ်ဆိုကာအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူတို့သည် မြို့နယ်သြဝါဒါစရိယဆရာတော်များဦးဆောင်၍ ကျင်းပမြဲဖြစ်သည့် လင်းခေးမြို့နယ်လုံးဆိုင်ရာ (၄၄)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလစာမေးစာဖြေပွဲ၌ စာအောင်သံဃာတော်သာမဏေများထံ ဂုဏ်ပြုဆုများနှင့် အောင်လက်မှတ်များ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်၊ နားကုန်းပရိယတ္တိစာသင်တိုက်ပဓာန နာယကဆရာ တော်ဘဒ္ဒန္တစာရိန္ဒထံမှသြဝါဒခံယူခြင်း၊ လှူဒါန်းမှုအစုစုအတွက် ရေစက်ချအမျှပေးဝေခဲ့ကြပြီး၊ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

စိုင်းဇော်လတ်(လင်းခေး)