ကျိုင်းတုံ ဇူလိုင် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ တောင်တန်းသာသနာပြုထောက်ပံ့ရေးအသင်းကြီး၏ တောင်တန်းသာသနာပြု ရဟန်းတော်များအား (၁၁)ကြိမ်မြောက် ဝါဆိုသင်္ကန်းနှင့် ဆန်၊ ဆီ၊ ဆား စသည်များလှူဒါန်းပွဲကို ယမန်နေ့က ကျိုင်းတုံမြို့ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌ ကျင်းပသည်။
ဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနော်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့်ဧည့်သည်တော်များက ကျိုင်းတုံမြို့ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း ဆရာတော်ထံမှငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊သံဃာတော်များက ပရိတ်တရားတော်ချီးမြှင့်သည်။
ထို့နောက် တိုင်းမှူးနှင့်အလှူရှင်များက ကျိုင်းတုံမြို့ ထေရဝါဒဗုဒ္ဓသာသနာပြုဆရာတော်များ ဦးဆောင်သော တောင်တန်းသာသနာပြု ထောက်ပံ့ရေးအသင်းကြီး၏ တောင်တန်းသာသနာပြု ရဟန်းတော်များအား ဝါဆိုသင်္ကန်းနှင့်ဆွမ်းဆန်စသော လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်များထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်ချအနုမောဒနာတရား နာယူကြသည်။ ယင်းနောက် တိုင်းမှူးနှင့်အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)