လားရှိုးမြို့ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော်၌ ပထမအကြိမ် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

လားရှိုး ဇူလိုင် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော်၌ ပထမအကြိမ် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့က သုခမင်္ဂလာဆင်းရွှေလီသာသနာ့ဗိမာန်‌‌တော်၌ကျင်းပရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်‌အေးမင်းဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး၊ ဇမ္ဗူအေး အေတီတပ်ဦးကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။ ထို့‌နောက်တက်ရောက်လာကြသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ အလှူရှင်များက ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ထံမှ ချီးမြှင့်တော်မူအပ်သော ပရိတ်တရားတော်များကို ရိုသေစွာနာယူပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)