ကျောက်မဲမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းမုန့်ဈေးတန်းများ ကျန်းမာရေးနှင့်ညီညွတ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

​ကျောက်မဲ ဇူလိုင် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များစားသုံးနိုင်ရေးနှင့် သက်တမ်းလွန်မုန့်များ ရောင်းချမှုမရှိစေရေးအတွက် တာဝန်ရှိသူများပူးပေါင်းအဖွဲ့သည် ယနေ့ နံနက် ၉ နာရီမှစ၍ ကျောက်မဲမြို့၊ ရပ်ကွက်(၈)ရှိ အ.ထ.က(၁)နှင့် အ.လ.က(၃) အ.ထ.က(ခွဲ) များ၏ မုန့်ဈေးတန်းများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

​ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေ၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်မာရီ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ဌေး၊  ကျန်းမာရေးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းသန်းအောင်နှင့် ပူးပေါင်းအဖွဲ့တို့သည် ကျောင်းမုန့်ဈေးဆိုင်များ၌ ရောင်းချနေသော ပြည်တွင်းဖြစ်မုန့်များတွင် သက်တမ်းကုန်ဆုံးရက်ပါ/မပါ၊ မုန့်ရောင်းချသူများ၏ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ချက်ပြုတ်ရာတွင်သန့်ရှင်းမှု ရှိ၊ မရှိ၊ ယင်မနားအောင် လုံခြုံစွာဖုံးအုပ်ထားခြင်း ရှိ၊ မရှိတို့ကို အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

​ထို့အပြင် ရက်လွန်မုန့်များ၊ ဘေးအန္တရာယ်ဖြစ်စေသော ဓာတုဆိုးဆေးပါသောမုန့်များနှင့် FDA ခွင့်ပြုချက်မရှိသော မုန့်များရောင်းချခြင်း ရှိ၊မရှိတို့ကို စစ်ဆေးခဲ့ကြပြီး စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးနှင့်ညီညွတ်စွာရောင်းချကြရန် အသိပညာပေးမှာကြားခဲ့သည်။ အဆိုပါ ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ကျောက်မဲမြို့ပေါ်ရှိကျန်ရှိသော အခြေခံပညာကျောင်း ၁၂ ကျောင်းမှ မုန့်ဈေးတန်းများကိုလည်းဆက်လက်၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်