တာချီလိတ် ဇူလိုင် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့တွင် ဌာနဆိုင်ရာများ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၂)ရပ်ကွက်အတွင်းရှိ တပ်ဦးဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး တပ်ကျောင်းဆရာတော်ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်သော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ထို့နောက် တာလေမြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် နဝကမ္မဝတ္ထုပစ္စည်းတို့ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တပ်ဦးကျောင်းဆရာတော်က ဝါဆိုသင်္ကန်းလှူဒါန်းရခြင်း၏ အကျိုးကျေးဇူးရရှိပုံကိုဟောကြားတော်မူသည်။ ယင်းနောက် တာလေမြို့အုပ်ချုပ်ရေးမှူးနှင့် အခမ်းအနားသို့တက်ရောက်လာကြသူများက လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)