မြောက်ဥက္ကလာပ ဩဂုတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ် အထွေထွေ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင် ဦးဇော်ဝင်းက အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းကာလတွင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ၌ ပါဝင်သော ဌာနဆိုင်ရာများနှင့် အများယုံကြည် လေးစားခံရ သော ပုဂ္ဂိုလ်များသည် မိတ်ဖက်များ ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး သက်ဆိုင်ရာ လွှတ်တော်အလိုက် ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်များကို သတ်မှတ် ကြေညာပြီး ဖြစ်ကြောင်းနှင့် အဖွဲ့ဝင်များမှ သတ်မှတ်နယ်မြေ အလိုက် ကွင်းဆင်းရန်လိုကြောင်း၊ အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားများ အားလုံး မဲပေးပိုင်ခွင့် မဆုံးရှုံး စေရေးနှင့် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းများ ရရှိရေးအတွက် မဲစာရင်းကပ်ထား ကြေညာချိန် တွင် မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် သွားရောက်ကြည့်ရှုရန် ကူညီ ဆောင်ရွက် ပေးစေလိုကြောင်း၊ ပထမအကြိမ် မဲစာရင်း ကပ်ထားကြေညာပြီး တောင်းဆိုခြင်း၊ ပြင်ဆင်ခြင်းများကို ဖြည့်စွက် ပြင်ဆင်ဆောင်ရွက်ပြီးနောက် ဒုတိယအကြိမ် မဲစာရင်း ကြေညာခြင်းကို အောက်တိုဘာလ(၁၄) ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်များ အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ထပ်မံကြေညာမည်ဖြစ်ကြောင်း၊ အသိပညာပေး လုပ်ငန်းများကို ပြန်ကြားရေးဝန်ကြီးဌာန၊ INGO ၊NGO များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသူ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများကလည်း အသီးသီး ပြန်လည် ဆွေးနွေး ခဲ့ကြောင်းသိရသည်။
မြောက်ဥက္ကလာပမြို့နယ်၌ မဲရုံပေါင်း(၂၃၈)ရုံတွင် မဲပေးနိုင်သူ မဲဆန္ဒရှင် ပြည်သူ (၂၅၀၁၂၃)ဦး ရှိကြောင်း သိရပြီး ကျင်းပမည့် နေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွန်ကြားချက်နှင့်အညီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း ညှိနှိုင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)