ညောင်ရွှေ ဇူလိုင် ၂၆
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ တောင်ပို့ကြီး (တောင်) ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၊ ဝိသာခါရွှေတောင်ပို့ကျောင်းဆောင် ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဝန်ကြီးဌာနသို့ လွဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက်၊ နံနက် ၁၀ နာရီခွဲက အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းဆောင်သစ်အား ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံဆိုင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါ်နန်းခမ်းလူ၊ အင်းသားတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်တင်တင်ရီနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကျောင်းဆောင်သစ်ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည် များ ပက်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် ဧည့်သည်တော်ကြီးများနှင့်အလှူရှင်များက အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ယင်းနောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက ဘက်စုံပညာရည်ဒို့လှမ်းချီသီချင်းဖြင့် တင်ဆက်၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး ပြည်နယ်လူမှုရေးဝန်ကြီးက အမှာစကားပြောကြားခဲ့သည်။ ၎င်းနောက် ရှမ်းပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အမှာစကားပြောကြားပြီး အလှူရှင်များကိုယ်စား ဝိသာခါဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ဝိသာခါဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက ကျောင်းဆောင်သစ်ဖွင့်ပွဲအထိမ်းအမှတ် အလံငယ်များနှင့် ကျောင်းဆောင်သစ်နှင့်စပ်လျဉ်းသည့် စာရွက်စာတမ်းများနှင့် အလှူငွေများ၊ စာရေးကရိယာများကို လွဲပြောင်းပေးအပ်လှူဒါန်းကြရာ ဧည့်သည်တော်ကြီးများနှင့် တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြသည်။ ထို့နောက် တောင်ပို့ကြီး (တောင်) အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမ ကြီးက ကျေးဇူးတင်စကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူလေးများက အင်းလေးသူလေး ဖိတ်ခေါ်သံသီချင်းဖြင့် တင်ဆက်ကပြဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ