ကျောက်ဆည် ဇူလိုင် ၂၆
ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့် စပါးသီးနှံကို အဓိထားစိုက်ပျိုးကြသော်လည်း တောင်သူအချို့သည် ယာမြေများနှင့် ကိုင်း၊ ကျွန်မြေများတွင် ကာလတို၊ ကာလရှည် သီးပင် စားပင်များနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးကြကြောင်းသိရှိရပြီး တံစိုးကျေးရွာမှ တောင်သူ ဦးခင်မောင်းသန်းမိသားစု စိုက်ပျိုးထားသော ကီလိုမာလကာပင်များ အောင်မြင်ဖြစ်ထွန်းပြီး ရောင်းအားကောင်းသည့်အတွက် နေ့စဉ်နီးပါး မိသားစုအပိုင်ဝင်ငွေရရှိကြောင်း သိရှိသည်။
မာလကာသီးပင်များ စိုက်ပျိုးရောင်းချခြင်းနှင့်ပတ်သတ်၍ နေ့စဉ်မိသားစုပုံမှန်အပိုဝင်ငွေရရှိရေး ကီလိုမာလကာအမျိုးအစား မာလကာပင်များကို မိသားစုတစ်နိုင်တစ်ပိုင်အဖြစ် တစ်ပင် (၅၀၀) ကျပ်နှင့်ဝယ်ယူ၍ အပင် ၁၀၀ စိုက်ပျိုးထားကြောင်း၊ ကိုင်းကူးမျိုးများဖြစ်သည့်အတွက် စိုက်ပျိုးပြီး တစ်နှစ်အတွင်း ရောင်းတန်းဝင်အသီးများကို စတင်ခူးဆွတ်ချရောင်းချရပြီး ယခုအချိန်က ကျောင်းဖွင့်တဲ့ ရာသီမို့ရောင်းအားကောင်းပြီး ဝင်ငွေလည်းကောင်းကြောင်း မာလကာစိုက်ပျိုးသူ ဦးခင်မောင်သန်းက ပြောပြသည်။
မာလကာပင်သည် နှစ်ရှည်သီးနှံဖြစ်ပြီး စိုက်ပျိုးပါက လေဝင်လေထွက်ကောင်းပြီး အပင်များကောင်းစွာ ဖြစ်ထွန်းပြီး အသီးများများသီးပြီး သီးလုံးများလှစေရန်အတွက် တစ်ပင်နှင့်တစ်ပင် (၁၂) ပေခြားပြီး၊ တစ်တန်းနှင့် တစ်တန်း (၁၅) ပေခန့်ခြားကာ စိုက်ပျိုးထားကြောင်း၊ အသီးများ သီးလုံးဖောက်ပိုး မဝင်စေရန်နှင့်ရောင်းချရာ၌ အသီးရောင်တောက်ပစေရန်အတွက် ခူးဆွတ်ရန်ရက်ပေါင်း (၆၀) အလိုတွင် မာလကာသီးများကို စက္ကူဖြင့်ပတ်ပြီး ပလပ်စတစ် အိတ်များစွပ်ပေးကြောင်း မာလကာစိုက်ပျိုးရောင်းချသူများထံမှ သိရှိရသည်။
သက်မောင်