ဇမ္ဗူသီရိမြို့နယ်၌  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလိုရင်းဆေးခတ်ပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများဆောင်ရွက်ပေး

ဇမ္ဗူသီရိ ဇူလိုင် ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၌ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကလိုရင်းဆေးခတ်ပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကို ယမန်နေ့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာတွင် ဇူလိုင် ၂၅ ရက်နေ့က နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ စိန်ပန်းပြာလမ်းမကြီး ဘေးရှိ ရိုးမြောင်းမှရေများသည် ဇူလိုင်လ ၂၂ ရက်နေ့ ညအချိန်မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ကွက်သစ်ပိုင်း၊ ရွာဟောင်းပိုင်းရှိနေအိမ်များသို့ ရေများလျှံထွက်ကျော်ကျ ဝင်ရောက်လာခဲ့ပြီး၊ ယခုအခါတွင် ရေများလျောကျသွားခဲ့ကာ ပုံမှန်အနေအထားသို့ ရောက်ရှိနေပြီဖြစ်ပါသဖြင့် အဆိုပါ

နေအိမ်များသို့ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာလင်းပြည့်သိမ်း၏ကြီးကြပ်ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ လူငယ် တွဲလက်ပရဟိတအဖွဲ့ဝင်များ၊  ရွှေကြာပင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ခိုင်နှင့် တာဝန်ရှိသူများက ရပ်ကွက်အတွင်းရှိ ရေဝင်ရောက်သောနေအိမ်များသို့ ရေကြောင့်ဖြစ်သော ကူးစက်ရောဂါများ မဖြစ်ပွားစေရန် ကလိုရင်း ဆေးခတ်ပေးခြင်းအား တစ်အိမ်တက်ဆင်းလိုက်လံ ဆောင်ရွက်ပေးခဲ့ရာ နေအိမ် (၈၇)အိမ်၊ ရေတွင်း (၁၄၉)တွင်း ၊လူဦးရေ စုစုပေါင်း (၄၃၅)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကလိုရင်းဆေးခတ်ပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

တင့်ဖူးခိုင်(ပြန်/ဆက်)