မိုင်းခတ် ဇူလိုင် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာစုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မိုင်းခတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်၊သံဃာတော်များ ရွတ်ပွားသရဇ္ဈယ်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုပြီး ဆရာတော်၊ သံဃာတော်များအတွက် ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် မြို့နယ်အတွင်းရှိ ကျောင်းပေါင်း(၅၈)ကျောင်းမှ ဆရာတော်၊သံဃာတော်များ စုစုပေါင်း(၂၁၀)ပါးတို့အတွက် ဝတ္ထုငွေများအား ဆက်ကပ်လှူဒါန်းကာ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ထေရဝါဒဗုဒ္ဓသာ သနာပြု(ဗဟို)ကျောင်းတိုက်၊ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တခေမိန္ဒထံ အနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားရုတ်သိမ်းကာ ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့သည်။
အဆိုပါ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအား အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်၊ မြို့နယ်သံဃာ့နာယကဥက္ကဌဆရာတော်ဘဒ္ဒန္တခေမိန္ဒ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ(ခေတ္တ)ဥက္ကဋ္ဌ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးအေးထွန်း၊ (ခေတ္တ)မြို့နယ်အုပ်ချုပ်ရေးမှူးဦးချမ်းမင်းလတ်၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အလှူရှင်(၇)ရက် သားသမီးများ တက်ရောက်ကြည်ညို ပူဇော်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)