တန့်ယန်း ဇူလိုင် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ နယ်စပ်ဒေသတောင်တန်းသာ သနာပြုရွှေမောင်းသာသနဝေပုလ္လသီလရှင် စာသင်တိုက်ကြီး၏ (၂၄)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် စာအောင်ဆုနှင်းသဘင် အခမ်းအနားကို ဇူလိုင် ၂၆ ရက် နံနက် ၉ နာရီက စာသင်တိုက်ကြီး၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ နိုင်ငံတော် သံဃ ဗဟိုဝန်ဆောင် ဘုရားကြီးကျောင်းတိုက်ဆရာတော် သာသနဓဇဓမ္မာစရိယ သဓ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောလိယထံမှ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်နှင့် ခရိုင်နှင့်မြို့နယ်တို့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ ရွှေမောင်း သာသနဝေပုလ္လ သီလရှင် စာသင်တိုက်၏ ပဓာနနာယကဆရာကြီး ဒေါ်ဥပ္ပလထေရီနှင့် တပည့်များက ရှစ်ပါးသီလ ခံယူဆောက်တည်ကြကာ ဝါဆိုသင်္ကန်းနှင့် လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ၂၀၂၆ ခုအစိုးရ ပါဠိပထမပြန်စာမေးပွဲတွင် အခြေပြုမူလတန်းအောင် (၁)ပါးနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ဆရာလေး (၁) ပါးတို့အား တာဝန်ရှိသူ အသီးသီး တို့က ဂုဏ်ပြုဆုဆက်ကပ်ချီးမြင့်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)