အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းမှ သင်တန်းသူများအား စနစ်တကျ သင်ကြားပေး

မူဆယ် ဇူလိုင် ၂၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ၂၀၂၆ ခုနှစ်၊ မေလ ၄ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ အမှတ်စဉ်(၆)တွင် တက်ရောက်နေသည့် သင်တန်းသူများအား သင်တန်းကျောင်းအုပ်နှင့် နည်းပြများမှ စနစ်တကျ သင်ကြားပေးလျက်ရှိသည်။

အဆိုပါသင်တန်းကို မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်များမှ ရှမ်း၊ ကချင်၊ ပလောင်၊ ဗမာ၊ လီဆူ အစရှိသည့် တိုင်းရင်းသူများကို အိမ်တွင်းမှုစက်ချုပ်ပညာများ တတ်ကျွမ်းပြီး၊ လုပ်ငန်းခွင် ဝင်ရောက်နိုင်သည်အထိ တတ်မြောက်အောင် သင်ကြားပေးနေခြင်းဖြစ်ပြီး၊ ယခုသင်တန်းတွင် သင်တန်းသူ ၂၅ ဦးအား အချိန် ငါးလကြာ သင်ကြားပို့ချပေးမည်ဖြစ်သည်။ သင်တန်းတွင် စက်ချုပ်ပညာအပြင် ဇာထိုး၊ ပန်းထိုး၊ သစ်သီးအလှပုံဖော်ခြင်း၊ ပန်းစည်းပြုလုပ်ခြင်းနှင့် အစားအသောက်များ ပြုလုပ်ခြင်းများကို သင်ကြားပေးလျက်ရှိသည်။

သင်တန်းသူများ၏ နံနက် အိပ်ယာမှထသည့်အချိန်မှ ညအိပ်ယာဝင်သည့်အချိန်အထိ တစ်နေ့တာ လုပ်ငန်းများကို အချိန်ဇယားသတ်မှတ်၍ သင်တန်းစတင်ဖွင့်လှစ်သည့်အချိန်မှ သင်တန်းပြီးဆုံး သည်အထိ သင်တန်းနည်းပြများမှ စနစ်တကျ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)