ဗိုလ်တထောင် ဇူလိုင် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ် (၇) ရပ်ကွက်ရှိ အမှတ်(၄၁) လမ်းဓမ္မာရုံ၌ ယမန်နေ့ နေ့လယ်ပိုင်းက “ဥပဒေအသိပညာပေးဟောပြောပွဲ” ခေါင်းစဥ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲ ကျင်းပသည်။
ရှေးဦးစွာ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မိုးကျော်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထွန်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်သူ့စကားဝိုင်း (Public Talk) စတင်ဆွေးနွေးဆောင်ရွက်ခဲ့ကြရာ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်မိုးကျော်နှင့် အမှတ်( ၂ ) တိုင်းဒေသကြီးလွတ်တော် ကိုယ်စားလှယ် ဦးစိုင်းအောင်မြင့်ခိုင်တို့က လွှတ်တော်ဆိုင်ရာ အတွေ့အကြုံများနှင့်ပတ်သက်၍ လည်းကောင်း၊ ဥပဒေပြဌာန်းချက်များအကြောင်းနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးရန်ဆယ်ခင်ဆားရ်က ဥပဒေရေးရာနှင့်ပတ်သက်၍ လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ကိုကိုက ရပ်ကွက်လုံခြုံရေးနှင့် ပတ်သက်၍လည်းကောင်း၊ အမှတ်( ၃၃) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူးဆန်းညွန်းဦးက ယာဉ်စည်းကမ်း လမ်းစည်ကမ်းများ လိုက်နာဆောင်ရွက်ကြရန် ကိုလည်းကောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ပြည်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိပုဂ္ဂိုလ်များက ပြန်လည်ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။
ခင်ဝင်း(ပြန်/ဆက် )